အရွယ်တင်နုပျိုအောင် ဘယ်လိုနေကြမလဲ??
- Aug 12, 2017
- 1 min read
အရွယ်တင် နုပျိုလိုကြတဲ့ ပျိုမေများအတွက် ဗဟုသုတလေး မျှဝေလိုက်ပါတယ်။ **ခန္ဓာကိုယ်မှာရှိတဲ့ ကော်လာဂျင်တွေကို ထိန်းသိမ်းပြီး အရွယ်တင်နုပျိုအောင် ဘယ်လိုနေထိုင်ကြမလဲ။**
ခုချိန်မှာ 'ကော်လာဂျင်' လို့ပြောလိုက်တာနဲ့ လူတိုင်းကြားဖူးပြီးသား ရင်းနှီးဖူးပြီးသား စကားလုံးတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ကော်လာဂျင်က ကျွန်မတို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ 'ကော်လာဂျင်'ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး 'glue producer' 'ကော်ထုတ်ပေးတဲ့ အရာ'လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ အဆောက်အဦးတစ်ခုဆိုရင် ကော်လာဂျင်က 'ငြမ်း'သဖွယ်ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အရေပြားမှာ ပါဝင်နေတဲ့ ကော်လာဂျင်ကတော့ အသားအရည် ပြည့်ပြည့်တင်းတင်းလေးဖြစ်နေအောင်၊ အရေပြား ကျုံနိုင် ဆန့်နိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးပါတယ်။ ကိုယ်ခန္ဓာကနေပြီး သဘာဝအလျှောက် ကော်လာဂျင်ကို ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အသက်တွေကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကနေပြီးကော်လာဂျင်ထုတ်နိုင်စွမ်းတွေလျော့ကျလာပါတယ်။ အဲ့ဒီအခါမှာ ဇရာရဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်နှာမှာအရေးအကြောင်းပေါ်လာတာတွေ၊ လက်မောင်းသားတွေတွဲကျလာတာမျိုး စတာတွေဖြစ်လာပါတယ်။ ဒါ့အပြင် ကော်လာဂျင်ကိုပျက်စီးစေနိုင်တဲ့ နေထိုင်မှုပုံစံတွေဖြစ်တဲ့ ဆေးလိပ်၊အရက်သောက်တာ နေလောင်ခံဆေးမလိမ်းပဲ နေပူထဲထွက်တာတွေကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်လာတတ်ကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာရှိတဲ့ ကော်လာဂျင်တွေ မပျက်စီးအောင်၊ ခန္ဓာကိုယ်ကနေ ကော်လာဂျင်ထုတ်နိုင်စွမ်းတွေမြင့်လာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေများစွားရှိပါတယ်။
၁။ ဗီတာမင် စီ ကြွယ်ဝသောအသီးအနှ့များစားသုံးပေးခြင်း။ ဗီတာမင် စီ က ကော်လာဂျင်တွေဖြစ်ပေါ်လာဖို့ အဓိကလိုအပ်တဲ့ ဓါတ်တစ်မျိုးပါ။ 'the American Journal of Nutrition' မှာဖော်ပြခဲ့ဖူးတဲ့ လေ့လာချက်တစ်ခုမှာဆိုရင် အသက်လေးဆယ်ကျော်တဲ့ အမျိုးသမီးတွေမှာ ဗီတာမင် စီ ပါဝင်တဲ့ အသီးအနှံစားသုံးသူတွေဟာ မစားတဲ့သူတွေထက် အရေအကြောင်းဖြစ်နိုင်ဖို့ အခွင့်အလမ်းတွေပိုနည်းတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေဆိုရင် လိမ္မော်သီး၊ ကီဝီသီး၊ ဘယ်ရီသီးများ၊ ခရမ်းချဉ်သီး၊ သဘောင်္သီး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ မလကာသီး စတာတွေဖြစ်ပါတယ်။
၂။ အိုမီဂါ ၃ ပါဝင်သော အစားအစာများစားသုံးပေးခြင်း။ အိုမီဂါ ၃ ကြွယ်ဝတဲ့ အစားအစာတွေဆိုရင် ဆော်လ်မွန်ငါး၊ ကမာကောင်၊ သစ်ကြားသီး၊ ပဲပုပ်ပဲစတာတွေဖြစ်ပါတယ်။ အိုမီဂါ ၃ က ကော်လာဂျင်တွေ မပျက်စီးမဆုံးရှုံးအောင် ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရည်ကို ခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ အရိုးစွပ်ပြုတ် သောက်သုံးပေးခြင်း။ ကော်လာဂျင် က အရိုးဖွဲ့စည်းတဲ့နေရာမှာလည်း ပါဝင်တာမို့ အရိုးစွပ်ပြုတ် သောက်သုံးခြင်းဟာ ကော်လာဂျင်ကို တိုက်ရိုက်စားသုံးခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် အရိုးစွပ်ပြုတ်သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်မှ ဆုံးရုံးသွားတဲ့ ကော်လာဂျင်တွေကို ပြန်လည်ဖြည့်တင်းခြင်းပဲဖြစ်ပါတယ်။
၎။ အချိုစားတာတွေ လျော့ချခြင်း။ အချိုလွန်ကဲတဲ့အစားအစာဟာ အလှအပအတွက် အန္တရာယ်တစ်ခုပါ။ အရေပြားကို ခြောက်သွေ့စေပြီး ကော်လာဂျင်တွေကို ပျက်စီးဆုံးရှုံးစေပါတယ်။ အချိုတွေများများစားလေ အရေပြားဆဲလ်တွေ ပျက်စီးလေပဲဖြစ်ပါတယ်။
၅။ နေလောင်ခံဆေး (sun cream) လိမ်းခြင်း။ အားလုံးသိပြီးတဲ့ အတိုင်းပါပဲ။ ခရမ်းလွန်ရောင်ခြည်တွေက အသားအရည်ကို ပျက်စီးစေပါတယ်။ အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ကော်လာဂျင်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် နေပူထဲထွက်တော့မယ်ဆိုရင် မထွက်ခင် ၁၅ မိနစ်လောက်ကတည်းက နေလောင်ခံဆေးလိမ်းဖို့ မမေ့ပါနဲ့။ နေပူထဲမှာပဲဆက်တိုက် ရှိနေမယ်ဆိုရင် ၂ နာရီခြားတစ်ခါ လိမ်းပေးသင့်ပါတယ်။
၆။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် နှိပ်နယ်ပေးခြင်း။ သင့်တင့်တဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်မှာ သွေးလှည့်ပါတ်အားကောင်းစေပြီး အရေပြားဆဲလ်တွေအတွက်သာမက ခန္ဓကိုယ်တစ်ခုလုံးကို ကျန်းမာစေပါတယ်။ မျက်နှာကို နှိပ်နယ်ပေးခြင်းကတော့ မျက်နှာမှာရှိတဲ့ ကြွက်သားတွေကို လှုံဆော်တာဖြစ်ပြီးတော့ ကော်လာဂျင်ထုတ်နိုင်စွမ်းတွေ မြှင့်တင်ပေးတဲ့အပြင် မျက်နှာမှာ သွေးလှည့်ပါတ်အားတွေကောင်းစေတာကြောင့် မျက်နှာအသားအရည်ကို ကြည်လင်စေပါတယ်။ အားလုံးပဲ အရွယ်တင်နုပျိုနိုင်ကြပါစေ။ ^^

Comments